ရှေးသရောအခါ သွေးပြီးသားစိန်တုံးတစ်နှုန်း ကြည်လင်စင်ကြယ်နေသော
မြစ်ကြီးတစ်သွယ်၏ အောက်ဝယ် တစ်လျှောက်တွင် သတ္တ၀ါတစ်မျိုးသည် ရွာတည်၍နေကြကုန်သတတ်။
ကြီးငယ်မဟူ၊ချမ်းသာဆင်းရဲမချန်၊ကောင်းဆိုးမရွေး၊ထိုရွာနေအပေါင်း၏ အထက်၌ မြစ်ကြီး၏ ရေစီးသည်
အသံမထွက်ငြိမ်သက်စွာပင် စိန်ရတနာ မျက်ရွဲအသွင် မိမိ၏ ကြည်လင်သော သဘောတစ်ခုတည်းကိုသာ
သိမြင်လျက် မိမိ၏လမ်းကြောင်းအတိုင်းသာလျှင် စီးဆင်းလျှက်ရှိ၏။
ထိုရွာနေ အားလုံးသည် မိမိတို့စရိုက် ၀သီများအားလျော်စွာ မြစ်အောက်ခြေရှိ သစ်မြစ်သစ်ငုတ်၊ကျောက်
တုံးကျောက်ခဲ၊ကျောက်လက်ကျောက်ခက်များကိုသာတင်းကျပ်စွာ ဆုပ်ကိုင်တွယ်ကပ်ထားကြကုန်၏။ အဘယ်ကြောင့်နည်းမှု ဆုပ်ကိုင်တွယ်ကပ်ထားသည်ပင် သူတို့၏ ဘ၀နေနည်းနေပုံဖြစ်၍ ရေစီးကို
ဖီဆန်နေရခြင်းသည်လည်း သူတို့မွေးကတည်းကပင် သင်ယူဆည်းပူးတတ်ကျွမ်း နပ်နောလာသော
အတတ်ဓလေ့ ဖြစ်နေသောကြောင့်တည်း။
သို့တစေလည်း ထိုရွာနေ သတ္တ၀ါ တစ်ဦးမှု “ဤသို့ တွယ်ကပ်နေခြင်းဖြင့် ငါမောဟိုက်လှလေပြီ။ ရေစီး
ကြောင်းကို မမြင်နိုင်သော်ငြားလည်း သူ့ခရီးကို သူတော့သိနေ မည်ဟု ငါသည် စိတ်ဒုန်းဒုန်းချ၍
ယုံကြည်၏။ ငါသည် ငါကိုယ်ငါလျှောချ လိုက်တော့မည်။ ရေစီးကြောင်းသည် ငါကိုယ်ဆောင်လိုရာ
ဆောင်လေသတည်း။ တွယ်ကပ်နေရခြင်းဖြင့် ငါသည်ပျင်းရိ ငြီးငွေ့ပြီး သေရချေအံ့။” ဟုပြောဆို၏၊
အခြားသတ္တ၀ါ များသည် သူ့ကိုရယ်မောကာ “ဟေ့အရုး၊ အေး လွှတ်ချ လိုက်၊ လွှတ်ချလိုက်လျှင်
သင်ကိုးကွယ်နေသော ထိုရေစီးကြောင်းသည် သင့်အား ဒလိမ့်ခေါက်ကွေး ဖြစ်အောင်လုပ်ပြီး
ကျေက်ဆောင်တွေ၌ သင့်ခန္ဒာသည် စိစိကြေလိမ့်မည်။အဲသည်တော့ ငြီးငွေ့ပြီး သေရခြင်းထက်
ပို၍လျှင်မြန်သော သေခြင်းဆိုးသည် သင်၌ဖြစ်လတ္တံ့” ဟုဆိုကြကုန်၏။
သိုသော်လည်း ထိုသတ္တ၀ါ သည် သူတို့ကိုဂရုမစိုက်ပဲ သက်ပြင်းတစ်ချက် ရှုသွင်းလိုက်ပြီးလျှင်
သူကိုယ်သူလွှတ်ချလိုက်လေသည်။ ချက်ချင်းပင် တလိမ့်ခေါက်ကွေး ဖြစ်သွားပြီးနောက် ရေစီး
အဟုန်ဖြင့် ကျောက်ဆောင်ဖြင့်တိုက်မိလေသည်။
ထိုသတ္တ၀ါသည် ထိုအချိန်မှ၍ နောက်ထပ်တစ်ဖန် ဘာကိုမျှ လှမ်းကိုင်ခြင်းတွယ်ကပ်ခြင်း မပြုတော့
ဘဲ ရေစီးဖြင့် မြစ်၏ အောက်ခြေမှ လွတ်မြောက်၍ အထက်သို့ မ ပင့်တင်ဆောင်ခြင်းခံရလေ၏
ထိုကာလမှ စ၍ သူသည်ပွန်းပဲ့ နာကျင်ရခြင်း မရှိလေတော့သတည်း။
သူ့ကိုယ်မမြင်ဘူးသော မြစ်အကြေရှိ သတ္တ၀ါများသည် ဤသို့အော်ဟစ်ကြကုန်၏။
”အံ့ဖွယ် သရဲပြာဋ္ဋိဟာ အစွမ်းကို မြင်ကြသလားဟေ့! တို့လိုသတ္တ၀ါပင် ဖြစ်ပေမင့် ပျံသန်းနိုင်သဟ! တို့အားလုံးကို ကယ်တင်ရန်ရောက် ရှိလာသော တန်ခိုးရှင် ကိုကြည့်လိုက်ကြဟေ့! ”
ရေစီးတွင်မျှောပါနေသော သတ္တ၀ါသည် “ငါသည် သင်တို့ကဲ့သို့သော သတ္တ၀ါတစ်ဦးပင်
ဖြစ်၏ တကား၊ တန်ခိုးရှင်မဟုတ်. တို့သာ လွှတ်ချဝံ့သော် မြစ်သည် တို့လွတ်မြောက်မှု၌
နှစ်ခြိုက်ပျော်မွေ့ မည်သာလျှင်တည်း တို့တတွေအဖို့ အလုပ်ကောင်းအလုပ်မှန် သည်
ဤသို့လျှင် ခရီးထွက်ခြင်း၊ ဤသို့လျှင် စွန့်စားခြင်းသာတည်း” ဟုဆို၏။
မြစ်အကြေရှိ သတ္တ၀ါများသည် ကျောက်ထွက်ကျောက်စွယ် များကိုသာ တစ်ချိန်လုံး
ဖက်တွယ်ဆုပ်ကိုင်လျက် “ဘုန်းတန်ခိုးရှင်ဖျား၊ ဘုန်းတန်ခိုးရှင်ဖျား” ဟုပို၍ပို၍ တဟောင်ဟောင်
တကျီကျီ မြည်တမ်းနေကြကုန်၏။ တဖန်အထက်သို့ မော့ကြည့်လိုက်ကြ သောအခါ ထိုရေစီးမျှောသတ္တ၀ါ သည် ကွယ်ပျောက်သွားတော့သည်။ သူတို့သည် အထီးကျန်ဖြစ်ကာ ဘုန်းတန်ခိုးရှင်
ဟု သူတို့ခေါ်နေသော သူ၏အကြောင်းနှင့်ပတ်သက်၍ အမျိုးမျိုးသော အံ့ဖွယ်သရဲတန်ခိုး အဆန်း
တကြယ် ဒဏ္ဍာရီများကို တညံညံတစာစာ တီထွင်ပြောဆိုလျက်သား ကျန်ရစ်ရှာကြကုန်သတည်း။
(by Richard Bach)

No comments:
Post a Comment