Thursday, January 22, 2009

ပုံပြင်လက်ဆောင်

ပုံပြင်ကဤသို့ဖြစ်သည်။
တစ်ခါကရှင်ဘုရင်တစ်ပါးနှင့်သူ၏မိဖုရားကြီးတို့
အတူစံမြန်းနေကြစဉ်လမ်းပေါ်တွင်ပင်ပန်းကြီးစွာ
ထင်းထမ်းပြီးလှည့်လည်ရောင်းချနေသောအဖိုးကြီး
တစ်ယောက်ကိုမြင်သည်။ရှင်ဘုရင်ကကရုဏာသက်
လှသည့်အပြင်စိတ်ဝင်စားသောကြောင့်ခေါ်ငင်မေး
မြန်းသည်။
ပင်ပန်းလွန်းသောကြောင့်အိုဇာလှသည်
မှန်သော်လည်းအသက်မှာရှင်ဘုရင်နှင့်အသက်တူ
ဖြစ်ကြောင်းသိလိုက်ရသည်။ဆက်လက်ပြီးမေးမြန်း
လိုက်သောအခါအသက်တူရုံမျှသာမကမွေးနေ့မွေးရက်
မှစ၍အားလုံးတူနေကြောင်းသိလိုက်ရသဖြင့်အံ့အားသင့်
မိသည်။ဤသို့မွေးနေ့၊ခုနှစ်၊သက္ကရာဇ်ပါတူနေပါလျက်
တစ်ဦးကရှင်ဘုရင်၊တစ်ဦးမှာဘာကြောင့်ဤမျှဆင်းရဲ
ပင်ပန်းနေရသည်ကိုအံ့သြမိကြောင်းရှင်ဘုရင်ကပြော
လိုက်သောအခါမိဖုရားကြီးကအသက်အရွယ်ငယ်သေး
သည့်အားလျှော်စွာဇနီးဖြစ်သူလိမ်လိမ်မာမာမရှိသော
ကြောင့်လည်းဤမျှဆင်းရဲဟန်ရှိကြောင်းမှတ်ချက်ချ
လိုက်မိသည်။
ဤသည်တွင်ရှင်ဘုရင်ကပြင်းစွာအမျက်ထွက်သွား
သည်။ဤကဲ့သို့မင်းစည်းစိမ်ခံစားနေနိုင်ခြင်းသည်ပင်
လျှင်မိဘုရားလိမ်မာသောကြောင့်ဟုယူလိုကယူနိုင်
သည့်စကားဖြစ်နေသည်ကိုး။ထို့ကြောင့်မယားကောင်း
ကြောင့်လင်ဖြစ်သူကြီးပွားနိုင်ပါသည်ဆိုလျှင်သင်မိဖုရား
အားယခုပင်ထင်းထမ်းအဖိုးအိုနှင့်ပေးစားလိုက်ပြီ။
အဖိုးအိုနှင့်လိုက်သွားပေရော့ဟုနန်းတော်မှနှင်ထုတ်လိုက်
သည်။
မိဖုရားလဲမနေသာတော့ပြီ။ထင်းထမ်းအဖိုးအိုနောက်က
လိုက်သွားရသည်။ထင်းထမ်းအဖိုးအိုအိမ်သို့ရောက်သော
အခါဇနီးသည်အဖွားအိုကပါမိဖုရားကြီးအားသနားလှသဖြင့်
(သူတို့မှာလဲသားသမီးမရှိသောကြောင့်)သမီးအဖြစ်သဘော
ထားကြောင်းစိတ်ချမ်းသာစွာနေဖို့အကြောင်းအားပေးစကား
ပြောကြသည်။မိဖုရားကလဲအဖိုးအိုနဲ့အဖွားအိုအားမိအို၊ဖအို
သဖွယ်သဘောထားလိုက်လေသည်။သူတို့ဇနီးမောင်နှံနေထိုင်
စားသောက်ပုံကိုသေချာလေ့လာကြည့်သောအခါဟင်းသီး၊
ဟင်းရွက်ကအစ၀ယ်ယူစားသောက်နေရကြောင်းတွေ့ရသည်။
ထို့ကြောင့်မိဖုရားလဲအိမ်နောက်ဖေးဈေးဆိုင်တည်ဆိုသည့်
အတိုင်းခြံထဲတွင်အဖိုးအိုအကူအညီနဲ့ဟင်းသီးဟင်းရွက်များ
စိုက်ပျိုးသည်။ထိုပြင်အနီးအနားမှကလေးများကိုစာသင်ပေးရင်း
ခြံထဲတွင်ရေလောင်းပေါင်းသင်အကူအညီရလေသည်။အိမ်တွင်
လုံလောက်သည့်အပြင်ပိုလျှံသောဟင်းသီးဟင်းရွက်များကိုသေချာ
ပြင်ဆင်ပြီးအဖွားအိုအားရောင်းစေသည်။ရရှိလာသောငွေကြေးများကို
သေချာစုဆောင်းပြီးအစစအရာရာစနစ်တကျစီမံခန့်ခွဲမှု့ကြောင့်
အတန်ကြာသော်နွားလှည်းတစ်စီးဝယ်ယူနိုင်လေသည်။ထင်းကို
ရောင်းခြင်းထက်မီးသွေးဖုတ်ရောင်းခြင်းကပိုမိုအကျိုးဖြစ်ထွန်းနိုင်
ကြောင်းတွေးမိသောအခါအဖိုးအိုအားမီးသွေးဖုတ်ရောင်းစေသည်။
တစ်နေ့သော်မီးသွေးဖုတ်ပြီးမီးသွေးကောက်သောအခါပြောင်လက်
လက်အတုံးလေးများတွေ့၍ယူလာပြီးမိဖုရားအားပြလေသည်။မိဖုရား
ကရွှေဖြစ်ကြောင်းသိသည်နှင့်တောင်စောင်းကိုမီးနှင့်တိုက်စေပြီး
ရွှေကိုရယူသည်။ထိုနောက်လှည်းနဲ့တိုက်ပြီးဘုရင်အားဆက်သစေသည်။
အဖိုးအို၏လျှောက်ထားချက်အရအကြောင်းစုံသိရသောအခါဘုရင်မင်းမြတ်
လည်းမိဖုရား၏အလိမ္မာတရားကိုနှစ်သက်မြတ်နိုးမိပြီးရှေးကအတိုင်း
မြှောက်စားတော်မှုသည်။
ဤပုံပြင်တွင်သတိထားမိစရာလေးတွေကိုမြင်နိုင်သည်။
(၁)မိဖုရား၏သတ္တိပင်ဖြစ်သည်။အတော်အတန်မိန်းမဆိုလျှင်ရူးသွပ်
သွားစေနှိုင်သောကံကြမ္မာအလှည့်အပြောင်းကိုမတုန်မလှုပ်လက်ခံ
ပြီးရင်ဆိုင်လိုက်နိုင်ခြင်းပင်ဖြစ်သည်။လူလောက၏တိမ်းရှောင်လို့
မရနိုင်သောလောကဓံကိုသွေးအေးအေးနဲ့လက်ခံနိုင်ဖို့သတ္တိမှာ
လွယ်ကူလှသည်မဟုတ်။မိမိစိတ်ကိုကြိုးစားအားတင်းရမည်ဖြစ်သည်။
(၂)အဖိုးအိုလင်မယား၏ယိုကွက်၊ဟာကွက်များကိုသေချာလေ့လာ
ပြီးပြုပြင်လိုက်နိုင်ခြင်း၊
(၃)ပြုပြင်ပြီးနောက်ထပ်တဆင့်တက်လှမ်းနိုင်အောင်ရှာဖွေနိုင်ခြင်း၊
(၄)ရွှေကိုတွေ့ခြင်းမှာကံလိုပဲဆိုဆို၊တိုက်ဆိုင်မှုလို့ပဲဆိုဆို၊ပုံပြင်ဖြစ်၍
ရွှေကိုတွေ့အောင်တမင်ဖန်တီးပေးခြင်းဟုပဲပြောပြောတကယ်လူဘ၀တွင်
လည်းဤသို့ရွှေတောင်ကိုတွေ့သောနည်းမျိုးကြုံတွေ့ရတတ်ပါသည်။
ကြုံလာသောအခွင့်အရေးကိုဖမ်းပြီးအသုံးချနိုင်သောစွမ်းရည်ကတော့
လူတိုင်းမှာရှိချင်မှရှိလိမ့်မည်။
ဆရာအောင်သင်း၏“အနာဂတ်ကိုမကြောက်နဲ့”စာအုပ်လေးမှနှစ်သက်
မိလို့ပါ။

1 comment:

Unknown said...

ကံကောင်းခြင်းဆိုတာအမြဲမလာတတ်သလို...ကြိုးစားတိုင်းလည်း
မရနိုင်ပါဘူး...ဒါပေမယ့်အမြဲတမ်းအသက်ရှင်နေတာကတော့..
မျှော်လင့်ချက်ပါ..

Computer University